Thursday, June 11, 2009

ခေါင်ဆောင် - အပိုင်း (၁၀)

အတွေးအခေါ်သစ်၊ အယူအဆသစ်တွေကြောင့် ကမ္ဘာကြီး တိုးတက်မှုဖြစ်စဉ်ပေါ် ရောက်လာ တာပါ။ ပင်အပ်တစ်ချောင်းကို Adam Smith ခေတ်က လူအုပ်စုခွဲပြီး စနစ်တကျ ထုတ်လုပ်မှု နည်းစဉ် ပြပေး လိုက်တော့ Productive ဖြစ်လာပါတယ်။ အဲဒီခေတ်ကနေ မျက်မှောက် ခေတ် ရောက်လာတော့ Productivity ဟာ သာမန် တွေးရိုးတွေးစဉ်ထဲက အပိုင်းအစ တစ်ခု လောက်သာ ဖြစ်သွားပါတယ်။ သည်နေ့ စီးပွားရေးစီမံခန့်ခွဲမှုဟာ ပိုပြီး သိမ်မွေ့ နက်နဲလာ ပါတယ်။ ဒါတွေအားလုံးဟာ လူတွေရဲ့ တီထွင်ဖန်တီးမှု (Creativity) ကြောင့် ဖြစ်ပါတယ်။

အိုင်ဒီယာခေတ်မှာ Creative မဖြစ်လို့ မရတော့ပါဘူး။ စိတ်ကူးစိတ်သန်း ကောင်းရမယ်။ တီထွင် ကြံဆမှု ရှိရမယ်။ အကြံကောင်း ဉာဏ်ကောင်းတွေရှိမှသာ ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်း ဆက်လက် ရှင်သန် နိုင်မယ့်ခေတ် ဖြစ်နေပါပြီ။ နောက်လိုက်တွေထက် ခေါင်းဆောင်တွေက ပိုပြီး Creative ဖြစ်ဖို့ကောင်းပါ တယ်။

ဖန်တီးမှု လုပ်ငန်းစဉ် အဆင့်ဆင့်

ဖန်တီးမှု (Creative) မပါရင် သည်နေ့ ဘာမှလုပ်လို့ မရတော့ပါဘူး။ စိတ်ကူးစိတ်သန်း ဘယ်လောက် ကောင်းတယ်၊ ဘယ်လို ဖန်တီးမှု စွမ်းအား ရှိတယ်ဆိုတာ အဖွဲ့အစည်းတွေရဲ့ အနာဂတ် ဖြစ်လာပါပြီ။ ဖန်တီးနိုင်တယ်ဆိုတာ အဲဒီဖန်တီးနိုင်မှု အဆင့်ဆင့်ကို နားလည်ထား လို့သာ ဖြစ်ပါတယ်။ Wallas (1926) က အဆင့် ငါးဆင့်ရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဟောင်းပေမယ့် မရိုးသေးတဲ့ အဆင့် ငါးဆင့် ဖြစ်ပါတယ်။

  1. အဆင့် (၁) မှာ အခွင့်အလမ်းကို တွေ့ရှိမှု၊ ပြဿနာရဲ့အဖြေကို ရှာဖွေနိုင်မှု
  2. အဆင့် (၂) မှာ စိတ်ရောကိုယ်ပါ လက်ခံနှစ်မြှုပ်ဆောင်ရွက်ခြင်း
  3. အဆင့် (၃) မှာ အတွေးသစ်၊ အမြင်သစ်ကို စတင်ဆောင်ရွက်ခြင်း
  4. အဆင့် (၄) မှာ ထိုးထွင်းသိမြင်ခြင်း
  5. အဆင့် (၅) မှာ ဆန်းစစ်သုံးသပ်ခြင်းနဲ့ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

ဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်

သာမန် သမားရိုးကျခေါင်းဆောင်နဲ့ Creative Leader မတူပါဘူး။ အထူးသဖြင့် ကိုရီးယားစစ်ပွဲ ပြာပုံက ရုန်းထပြီး သည်နေ့ ကိုရီးယားနိုင်ငံဖြစ်လာအောင် ဦးဆောင်သူဟာ Creative မဖြစ်ဘဲ မရပါဘူး။ စင်ကာပူလည်း သည်လိုပါပဲ။ အခု ဗီယက်နမ်တောင် နောက်ကလိုက်လာပါပြီ။ Creative ဖြစ်တဲ့သူတွေ အားလုံးဟာ ဉာဏပိုင်းဆိုင်ရာ လှုံ့ဆော်မှုကောင်းပြီး ဉာဏ အသုံးချမှုမှာ ပျော်မွေ့သူတွေ ဖြစ်တတ်ပါတယ်။ “ပိုနေမြဲကျားနေမြဲ” ၀ါဒကို စိန်ခေါ်သူတွေ၊ သမား ရိုးကျကို တော်လှန်သူတွေ ဖြစ်ပါတယ်။ “တခြားကောင်းတဲ့ နည်းလမ်း” ရှိမှာပဲဆိုပြီး အမြဲတမ်း မျက်လုံးဖွင့်ထားသူတွေ ဖြစ်ပါတယ်။ ပြောင်းလွယ်ပြင် လွယ် ရှိကြသူတွေလည်း ဖြစ်ပါတယ်။ သွင်ပြင်လက္ခဏာအရ ငါးအုပ်စု ယေဘုယျခွဲထားပေးပါတယ်။

  • Knowledge
  • Intellectual abilities
  • Personality
  • Passion for the work
  • Social habits and upbringing

အုပ်စုငါးခုခွဲထားပေမယ့် Intellectual abilities နဲ့ Knowledge အုပ်စုဝင်ခေါင်းဆောင်တွေက နှာတစ်ဖျားသာတာ တွေ့နိုင်ပါတယ်။ သည်နေ့ခေတ်ကြီးမှာ Creativity ဆိုတဲ့ တီထွင် ဖန်တီးနိုင်မှုကို နေရာတကာတိုင်းမှာ အတော်အလေးပေးပါတယ်။ ကမ္ဘာ့ CEO လောကမှာ အရင်ကဆို CEO တစ်ယောက်ဖြစ်မယ့်လူရဲ့ အတိတ်ကို လေ့လာပါတယ်။ ဘယ်အဖွဲ့အစည်းမှာ ဘယ်လောက် ရှိသင့် တယ်၊ အသက်နဲ့ အတွေ့အကြုံ ဘယ်လောက်ရှိသင့်တယ်၊ အကျပ်အတည်း တွေကို ဘယ်လို ကျော် ဖြတ်ဖူးတယ် စသဖြင့်ပေါ့။

အခု တချို့အဖွဲ့အစည်းတွေမှာ အဲဒီအယူအဆဟောင်းတွေကို မေ့ပစ် လိုက်ပြီး CEO ဖြစ်မယ့်လူ Creativity ဘယ်လောက်ရှိတယ်ဆိုတာကို ရှေ့တန်းတင်လာတတ်ကြပါ ပြီ။ အပြည့်အစုံသော အရည်အချင်း မဟုတ်ပေမယ့် Creativity ကို အရေးကြီးတဲ့ အရည်အချင်း တစ်ရပ်အနေနဲ့ လက်ခံလာ ကြပါတယ်။ နိုင်ငံရေးမှာကြည့်ရင် တရုတ်-အမေရိကန်ဟာ စစ်အေး ကာလမှာ ရန်သူ နိုင်ငံတွေ ဖြစ်ခဲ့ကြပေမယ့် အခု စစ်အေးလွန်ခေတ်မှာ ယှဉ်ပြိုင်ဘက် မိတ်ဆွေ နိုင်ငံလို ဖြစ်လာတာ Creativity ရဲ့ အရည်အချင်းတစ်ခုလို့ ပြောလို့ရပါတယ်။

ငယ်စဉ်က မြန်မာပြည်ရဲ့ ထိပ်တန်းအကျော်အမော် ဒါရိုက်တာတစ်ဦးနဲ့ ခင်မင်ခဲ့ပါတယ်။ အဲဒီတုန်းက သူ ဒါရိုက်တာ မဖြစ်သေးပါဘူး။ ပန်းချီဆရာတစ်ဦးပါ။ အယူအဆ အတွေးအခေါ် ထူးခြားတာ သတိထားမိပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ အော့ဖ်စက်အသေးလေး နှစ်လုံး-သုံးလုံးပဲ ရန်ကုန်မှာ ရှိပါသေး တယ်။ စက္ကူဆိုဒ်ကြီး မ၀င်ပါဘူး။ ကြော်ငြာကြီးကြီးလိုချင်တော့ ပိတ်စတွေ ပေါ် ရိုက်တဲ့ ဆေးဆိုးပန်းရိုက် နည်းကို ပြုပြင်ပြီး ကျွန်တော်တို့ စက္ကူပေါ် ရိုက်ခဲ့ကြဖူးပါတယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် ကွဲသွားပြီး အဲဒီလူက ရုပ်ရှင် ဒါရိုက်တာဘ၀ ရောက်သွားပါတယ်။ နာမည် ဆန်းဆန်းမို့ သူပဲလားလို့ စိတ်ထဲထင်မိတာ နောက်ဆုံး သူ ဖြစ်နေပါတယ်။ အဲဒီသူက ဒါရိုက်တာ “မီးပွား” ပါ။ Creative ဖြစ်တဲ့သူတွေက အတွေးအခေါ် ဆန်းသစ်တာမို့ အောင်မြင်လေ့ ရှိကြပါတယ်။ အောင်မြင်မှုကို ဆက်ထိန်းနိုင်အောင်ကတော့ တခြား အရည်အသွေးတွေ ထပ်ဖြည့်ရဦးမှာ ဖြစ်ပါ တယ်။

ခေါင်းဆောင်မှုနဲ့ ဆန်းသစ်သော အတွေးအခေါ်

သည်နေ့ Idea ခေတ်လို့လည်း ပြောကြပါတယ်။ အရင်းတုန်းက CEO တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ ဘယ်ကုမ္ပဏီတွေမှာ ဘယ်နှနှစ်၊ ဘယ်ရာထူးမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်၊ ဘယ်လို အခက်အခဲမျိုးကို ရင်ဆိုင်ခဲ့တယ်၊ ဘယ်လို အကျပ်အတည်းမျိုးကို ဖြေရှင်းခဲ့ရတယ် ဆိုပြီး သမိုင်းကြောင်းကို တော်လှန်ရပါတယ်။ Organization ကြီးတွေမှာ အသက် ၅၀ ကျော် ၆၀ လောက် မှ CEO ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ သည်နေ့ခေတ်မှာတော့ လူငယ်တွေ CEO ဖြစ်နိုင်နေ ကြပါပြီ။ ဘယ်လိုဆန်းသစ်တဲ့ အတွေးခေါ်မျိုး ရှိတယ်ဆိုရင်ကိုပဲ ကိစ္စ တော်တော် များများ ပြီးတဲ့သဘော လက်ခံလာကြပါတယ်။ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ထုတ်ကုန်သစ်တွေ ထုတ်နိုင်မှ လက်ဦးမှုရပြီး ဈေးကွက်တင်နိုင်မှာမို့ ဖြစ်ပါတယ်။ အဲဒီတော့ Creative thinking က အရေးပါ လာပါတယ်။ ဆန်းသစ်တွေးခေါ်မှုက ဆက်စပ်ဝန်းကျင် (Environment) ကို လေ့လာပြီး အခွင့်အလမ်းကို ရှာဖွေ ရတာ ဖြစ်ပါတယ်။ Creativity၊ Invention၊ Discovery တွေဟာ အိုင်ဒီယာ (Idea) ရဲ့ အခြေခံ ယေဘုယျသဘော (Concept) တွေပဲ ဖြစ်ပါတယ်။

အတွေးအခေါ်နဲ့ ပြဿနာ ဖြေရှင်းမှု

Creativity ဆိုတဲ့ ဖန်တီးမှုဟာ တီထွင်မှု (Invention) ထက် အဓိပ္ပာယ် ပိုလေးနက်ပါတယ်။ အဖွဲ့အစည်း တော်တော်များများက သည်နေ့ဖန်တီးရှင် (Creative people) တွေကို အလေးအနက် ရှာဖွေနေကြတဲ့ခေတ် ဖြစ်လာပါတယ်။ အတွေးအခေါ်သစ်၊ နည်းသစ်နဲ့ ပြဿနာ ဖြေရှင်းမှုတွေကို လုပ်ကိုင်နိုင်သူတွေ ဖြစ်လို့ပါ။ Proctor က ဘာမှတ်ချက်ပေးခဲ့သလဲဆိုရင်

“Creativity involves an ability to come up with new and different point of views on a subject. It involves breaking down and restructuring, our knowledge about the subject in order to give new insight, into its nature.”

ဆန်းသစ်ဖန်တီးနိုင်မှုဟာ အကြောင်းအရာတစ်ခုကို မတူညီတဲ့ ရှုထောင့်က ကြည့်နိုင်တယ်။ ပညာကိုလည်း ခွဲခြမ်းစိတ်ဖြာပြီး ပြုပြင် ပြင်ဆင်ကာ သဘာဝကို အမြင်သစ်နဲ့ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ ကွန်ပျူတာစပေါ်အောင် စဉ်းစားခဲ့သူက Creative Thinking ဖြစ်ပါတယ်။ Bio-engineering နဲ့ DNA ဆိုတဲ့ မျိုးရိုးဗီဇ ရှာဖွေတာဟာလည်း Creative Thinking ဖြစ်ပါတယ်။ အမေရိကန်က Call-center တွေကို အိန္ဒိယမှာ စဖွင့်တာလည်း Creative Thinking ရဲ့ ရလဒ် ဖြစ်ပါ တယ်။

Abranham Meslow က “လူတိုင်းမှာ ဖန်တီးနိုင်မှုအစွမ်း ရှိတယ်။ အနာဂတ်လည်း ရှိတယ်။ Creativity ဆိုတာ ပါရမီရှင်တွေ အတွက်သာ သီးခြားဖြစ်ပေါ်တာ မဟုတ်ဘူး။ တချို့ သူတွေကတော့ အတွေးအခေါ်၊ အသိအမြင်တွေ ရှိကြလေရဲ့။ ဖောက်ထွက်တွေးခေါ်ကြတယ်။ သမားရိုးကျက လမ်းခွဲထွက်တယ်။ ပုံစံခွက်ထဲက အယူအဆတွေကို စိတ်မ၀င်စားတော့ဘူး။ ဒါကို Paradigm Shif (ပုံစံအရွေ့) လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

သည်နေရာမှာ ဘာကို အဓိက မီးမောင်းထိုးချင်သလဲဆိုရင် Creative Thinking ဆိုတဲ့ ဖန်တီးမှုအတွေးအခေါ်နဲ့ Creative problem solving ရဲ့ ဆက်စပ်မှုကို ပြချင်တာပါ။ လျင်မြန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ တစ်နေ့ထက်တစ်နေ့ လိုအပ်ချက်တွေ များလာပါတယ်။ တီဗီ၊ ရေခဲသေတ္တာဟာ တစ်ချိန်က လူကုံထံ အသုံးအဆောင် ဖြစ်ပေမယ့် သည်နေ့ သာမန် အသုံးအဆောင် တစ်ခု ဖြစ်သွားပါပြီ။ အဲဒီလုပ်ဆောင်မှုလိုအပ်ချက်တွေကိုပဲ ဘယ်လို၊ ဘယ်လောက် ကောင်းတဲ့ နည်းစနစ်တွေနဲ့ အစားထိုးမလဲဆိုတာ Creative Thinking ကပဲ ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။ သည်နေ့ တီဗီဟာ စက္ကူလိပ် လိုလိပ်လို့ရပြီး နံရံမှာကပ်ပြီး ကြည့်နိုင်တဲ့ ခေတ်ရောက်ဖို့ နီးနေပြန်ပါပြီ။ ဆေးတစ်လုံး ထိုးပေးလိုက်ရုံနဲ့ ပျက်စီးနေတဲ့ အသည်း တစ်ခြမ်းကို အလိုအလျောက် ပြန်ကောင်းသွား စေနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ပြဿနာကို သမားရိုးကျဖြေရှင်းတဲ့ခေတ်က နောက်ကျန်သွားပါပြီ။ Creative problem solving က အစားထိုးနေရာယူလာပြီ ဖြစ်ပါတယ်။ Idea è Creative thinking è Creative problem solving ရဲ့ ဆက်စပ်မှုကို ပြောချင်တာပါ။ Insight ဆိုတဲ့ ထိုးဖောက်မြင်နိုင်ခြင်းဟာ ခြုံငုံမြင်နိုင်မှု (Perspective) ရဲ့ ရှုထောင့်တစ်ခုလို့ လက်ခံထားကြပါတယ်။ ပကတိကို မဆန့်ကျင်တဲ့ အမြင်တစ်ခုလည်း ဖြစ်ပါတယ်။ အဲသလို ထိုးထွင်း သိမြင်နိုင်မှုအတွက် ပညာနဲ့ အတွေ့အကြုံ (Knowledge & Experiences) တွေ ရှိမှ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ပညာ ကသာ အဓိက ဖြစ်စေပါတယ်။ ခေါင်းဆောင်မှုမှာ ပညာ လိုကို လိုအပ်ပါတယ်။ အတွေ့အကြုံရှိပြီး ပညာနည်းရင် စကားသာပြောတတ်ပြီး မျက်လုံးမမြင်တဲ့သူနဲ့ တူပါတယ်။ နှစ်မျိုးလုံး ပြည့်စုံပါမှ ခေါင်းဆောင်စစ်ဖြစ် ပြီး မှန်ကန်တဲ့ဦးဆောင်မှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ဖန်တီးမှုနှင့် စီးပွားရေးအောင်မြင်ခြင်း

အစပိုင်းမှာ ကုမ္ပဏီ၊ အဖွဲ့အစည်း တော်တော်များများက စီးပွားရေးအောင်မြင်မှုဟာ ဖန်တီးနိုင်မှု အပေါ် အမှီသဟဲပြုတယ် ဆိုတာကို စောဒကတက်ကြပါတယ်။ သူတို့ရဲ့ Executives တွေကိုလည်း “Creative thinking courses” တွေကို တက်ခိုင်းခဲ့ပါတယ်။ သည်နေ့ခေတ်ရဲ့ စီးပွားရေးဝန်းကျင်၊ လူမှုရေး ၀န်းကျင်၊ ပညာရေးဝန်းကျင်က ရှေးကနဲ့မတူအောင်ကို ပိုပြီး သိမ်မွေ့၊ ရှုပ်ထွေးလာပါတယ်။ သမားရိုးကျ လုပ်ကိုင်၊ တွေးခေါ်ရင် သူများနောက်ကို ကျန်ခဲ့ တော့မယ်ဆိုတာ သိလာပါတယ်။

ကမ္ဘာကျော် စာရေး ဆရာကြီး (Futurologist) Alvin Toffler က “Future shock ” ဆိုတဲ့ စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ အုတ်အော်သောင်းနင်း ဖြစ်ရတဲ့စာအုပ် ဖြစ်ပါတယ်။ “ကုမ္ပဏီ နဲ့ အဖွဲ့အစည်းတွေ အနာဂတ်ကို ဘယ်လို တုံ့ပြန်မလဲ၊ ဖြေရှင်းမယ့်နည်းလမ်း ဘာရှိသလဲ၊ ဒါတွေ အတွက် ဖန်တီးမှု၊ တွေးခေါ်ကြံဆမှုတွေ လိုအပ် တယ်။ အိုင်ဒီယာအသစ်တွေ ထုတ်နိုင်မလား၊ ပြဿနာရှင်းတဲ့ နည်းသစ်တွေ ရှာဖွေနိုင်မလား” လို့ မေးထား ပါတယ်။ ‘အဲဒါတွေကိုလုပ်နိုင်မှ တခြား ကုမ္ပဏီတွေထက် နှာတစ်ဖျားသာပြီး ရှင်သန်တိုးတက်နိုင်မယ်’ လို့ ရေးသားထားပါတယ်။

ပညာရှင်တစ်ဦးဖြစ်တဲ့ ‘Proctor’ ရဲ့ မှတ်ချက်က တော်တော်မှတ်သားစရာ ကောင်းပါတယ်။

Followers