Thursday, June 11, 2009

ခေါင်းဆောင် - အပိုင်း (၁၇)

ဥာဏ စွမ်းရည်

Intellectual Abilities ကို ပြောချင်တာပါ။ ယေဘုယျ ဥာဏ်ရည်ဥာဏ်သွေးနဲ့ Abstract ဆိုတဲ့ စိတ်နဲ့သာ သိလို့ရတဲ့ အရည်အသွေးအစုအပေါင်းဟာ Intellectual Abilities ပဲ ဖြစ်ပါတယ်။ အဲဒီစွမ်းရည် ပိုင်ဆိုင်ကြသူတွေဟာ သာမန်အားဖြင့် ထက်မြက်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ အလွန် တောက်ပ ထူးချွန်ခြင်း ဆိုတဲ့ (Brilliance Scale) အရ ထိပ်ဆုံးကလူတွေတော့ မဟုတ်ကြပါဘူး။

အီးအိုင်

EI လို့ခေါ်တဲ့ Emotional Intelligence (တက်ကြွစွမ်းရည်) ဟာ ခေါင်းဆောင် တွေမှာ ရှိတတ်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ IQ ခေါ်တဲ့ Intellectual Quotient ဟာ ဥာဏစွမ်းရည် ဖြစ်ပေမယ့် တက်ကြွ၊ နိုးကြားမှု (နှိုးဆွမှု) မရှိရင် အလကား ဖြစ်ပါတယ်။ ကိုယ်တွေ့အရ EI ဟာ လေ့ကျင့်ယူလို့ ရပါတယ်။ Emotional Quotient (EQ) ကောင်းရင် EI ကောင်းလာပါတယ်။ EI က အတိုင်းအတာ တစ်ခုဖြစ်ပြီး EQ က အရည်အချင်း တစ်ရပ်ဖြစ်တာ ခွဲခြားတတ်ဖို့ လိုပါတယ်။ EQ, IQ, EI တွေကို ရောထွေးသုံးနေတာ သတိထားမိပါတယ်။

Emotional Intelligence ဆိုတာမှာ -

  • ကိုယ့်ရဲ့နိုးကြား ၊တက်ကြွမှုအတိုင်းအတာကို သိရပါမယ်။
  • စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ရပါမယ်။
  • ၀မ်းမြောက်မှု ၊ကျေနပ်မှုကို ထိန်းသိမ်းရပါမယ်။
  • တခြားသူတွေ နိုးကြားတက်ကြွအောင် ဆောင်ရွက်ရပါမယ်။
  • တခြားသူတွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ရပါမယ်။

ထိရောက်စွမ်းဆောင်နိုင်ဆုံး ခေါင်းဆောင်တွေမှာ EI ဆိုတဲ့ Emotional Intelligence အတိုင်းအဆ အလွန်မြင့်မားတာ တွေ့ရပါလိမ့်မယ်။ သာမန်ခေါင်းဆောင် တွေမှာ General Intelligence (IQ-Intellectual Quotient) နဲ့ EI သိပ်မကွာကြပေမယ့် Effective Leader တွေမှာ IQ ထက် EI အင်အားအများကြီးပိုတာ သုတေသနအရ အဖြေထွက်လာပါတယ်။

  • Self – awareness (မိမိကိုယ်ကိုနားလည်ခြင်း)
  • Self – regulation (စောင့်ထိန်းခြင်း)
  • Motivation (တက်ကြွလှုံ့ဆော်မှုရှိခြင်း)
  • Empathy (တခြားသူကိုနားလည်ခြင်း)
  • Social Skill (လူမှုရေး)

သိမ်မွေ့တဲ့ အရည်အချင်းတွေဆိုတာ သတိပြုမိပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ အဓိကဖြစ်လို့ လုပ်ဆောင်ဖို့ မလွယ်ကူပေမယ့် ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် နှစ်ဦးဖြစ်တဲ့ မာဂရက်သက်ချာနဲ့ တိုနီဘလဲတို့မှာ အဲဒီအရည်အချင်းတွေ ထင်ရှားစွာ ပါလာပါတယ်။ သက်ချာက ပိုပြီးတည်ငြိမ်တယ်။

ကိုယ်ရည်ကိုယ်သွေး Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ ပြင်ပသွင်ပြင်လက္ခဏာကို ပြောတာ မဟုတ်ပါဘူး။ အတွင်းရဲ့ အရည်အသွေးကို ပြောတာပါ။ တီထွင်ဖန်တီးမှု အားကောင်းတဲ့ လူတွေဟာ အကောင်းဘက်က ရှုမြင်တတ်ကြပြီး Self-image ကို ထိန်းသိမ်းလေ့ရှိပါတယ်။ မျက်လုံးပိတ်ပြီး တစ်ဖက်စွန်းကျကျ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်သူတွေ မဟုတ်ကြပါဘူး။ အတွေးအခေါ်အယူအဆကို ဝေဖန်တာတွေကိုလည်း လက်ခံလေ့ရှိကြပါတယ်။ တစ်ခါတလေ အတွေးကောင်း၊ အကြံကောင်း တွေရဖို့ သီးခြား နေရမှာကိုလည်း ၀န်မလေးတတ်ကြပါဘူး၊ တခြားသူတွေနဲ့ စကားပြောရင် အကြံကောင်း ရတတ်တယ် ဆိုတာကိုလည်း လက်ခံပါတယ်။

စိတ်ကူးကောင်းသူတွေ တစ်ခါတစ်ရံမှာ ဓလေ့ထုံးစံကို ဖယ်ခွာသူတွေလည်း ဖြစ်တတ်ပြီး၊ အဖွဲ့ရဲ့ ခိုင်မာတဲ့ အတည်ပြုချက်ကို ရယူဖို့ထက် သူတို့ရဲ့ အတွေးအခေါ်ကို အကောင်အထည်ဖော်ဖြစ်ဖို့ ပိုပြီး အဓိက ထားတတ်ကြတာလည်း တွေ့ရတတ်ပါတယ်။ တချို့သူတွေဆိုရင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့၊ ရင်ခုန်ဖို့ကောင်းတဲ့ လုပ်ငန်းမျိုးကို ရှာဖွေသူ တွေလို့ တင်စားရမလောက် ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ဇွဲကောင်းသူတွေ၊ မဆုတ်မနစ် ကြိုးစားကြသူတွေဖြစ်တာကိုတော့ မငြင်းနိုင်ပါ။ တစ်ခါတရံမှာ အဲဒီလူတွေဟာ အခြေအနေနှစ်မျိုးဖြစ်ပြီး ရှုပ်ထွေးခက်ခဲတဲ့ပုံစံမျိုးကို နှစ်သက်သူတွေလည်း ဖြစ်လာပြန်ပါတယ်။

ပြောရရင်တော့ Creative people ဆိုတဲ့ ဖန်တီးအားကောင်းသူတွေဟာ ပြိုင်မြင်း တွေလိုပါပဲ။ ဇက်ကြိုးလွှတ်တာနဲ့ တအားပြေးကြသူတွေပါ။ တုံးတိုက်တိုက် ၊ ကျားကိုက် ကိုက် သမားတွေ ဖြစ်ပါတယ်။ ဇွဲကောင်းပြီး မဆုတ်မနစ်ကြိုးစားသူတွေပါ။ အတွေးကောင်း အကြံကောင်းရဖို့ ဆန္ဒအားကြီးလို့ တစ်ခါတစ်ရံ ပတ်ဝန်းကျင်က တစ်မျိုးအမြင်ခံရတတ်ပါတယ်။ လူ့ခွစာလို့တောင် တချို့ကင်ပွန်းအတပ်ခံရလေ့ ရှိပါတယ်။ အဲဒါ သူတို့ရဲ့ Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။

အယ်လ်အိုစီ

LOC ဆိုတဲ့ Locus of Control ဆိုတာ ကိုယ်လုပ်ရင်ကိုယ်ဖြစ်တယ်ဆိုတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်။ “ကံ” မယုံ အယူအဆလို့ပြောရင် ရပါတယ်။ LOC ဆိုတာ တော်တော်လေး ပြောဆိုနေကြတဲ့ Term တစ်ခုဖြစ်ပါတယ်။ “ပြင်ပသက်ရောက်အား” လို့ အကြမ်းဖျင်း သိထားနိုင်ပါတယ်။ မြန်မာမှုနဲ့ တွေးယူရင် “ကံ” ၀ါဒသဘောမျိုး ဖြစ်ပါတယ်။

ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်၊ပြင်ပသက်ရောက်အားကို ဂရုပြုစရာ မလိုဘူး (Internal Locus of Control) Outside Forces (External Locus of Control ) တနည်းပြောရရင် ကံကြမ္မာဟာ ကိုယ့်ကိုလာပြီး ပြုပြင်နိုင်စွမ်းမရှိဘူး လို့ အနောက်ဘက် က ယုံကြည်ကြပါတယ်။ (အဲဒီအကြောင်းကို ခြေခြေမြစ်မြစ် ဆွေးနွေးဖြစ်ကြတော့ ELOC ရှိတယ်ဆိုတာ လက်ခံသွားပါတယ် - စာရေးသူ) သူတို့ ဆီမှာကိုပဲ လက်ခံသူနဲ့ လက်မခံသူ နှစ်ပိုင်းကွဲကြပါတယ်။ ဘာပဲပြောပြော ကိုယ်လုပ်ရင် ကိုယ်ရတယ်ဆိုတာကိုက ကောင်းတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်။

ILOC ဆိုတဲ့ Internal Locus of Control နဲ့ ELOC ဆိုတဲ့ External Locus of Control ဆိုပြီး နှစ်ပိုင်း ကွဲလာပါတယ်။ ILOC က တစ်ဦးချင်းဆီမှာ ရှိတဲ့ သွင်ပြင်လက္ခဏာ နဲ့ အရည်အသွေး ဖြစ်ပါတယ်။ ကိုယ်ကြိုးစားရင် ဘာမဆိုဖြစ်ရမယ်၊ ဖြစ်တယ်ဆိုတဲ့ အယူအဆပါ။ ပြင်ပသက်ရောက်အား “ကံ” ရဲ့ သက်ရောက်မှုကို ကျော်လွှားနိုင်တယ်၊ ကိုယ့်ကြမ္မာကိုယ် အပြည့်အ၀ဖန်တီးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုပါ။ ELOC ကတော့ ကိုယ် ဘယ်လောက် ကြိုးစားပေမယ့်လည်း ပြင်ပသက်ရောက်အား “ကံ” ရဲ့ ကဏ္ဍကို မေ့မထား ခြင်းပါ။

“ကံပုံ”တာက ဘာမှမလုပ်ဘဲ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အယူအဆပါ။ ပုဂ္ဂလိက အရည်အချင်းကို လုံးဝပစ်ပယ်ခြင်း ဖြစ်ပါတယ်။ “ကံယုံ”တာက တူသော အကျိုးပေးကို ယုံကြည် ခြင်းဖြစ်ပါတယ်။ ပုဂ္ဂလိက အရည်အချင်းကို ရှေ့တန်းမှာ ထားစေပါတယ်။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ “လုပ်တိုင်း” မဖြစ်ပေမယ့် “မလုပ်” ရင်တော့ သေချာပေါက် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ အနည်းဆုံး ၀ီရိယအကျိုး တော့ ခံစားနိုင်ပါတယ်။

အယ်လ်အိုစီကို ဘယ်လို ပျိုးထောင်မလဲ

သူတို့အတွေးအခေါ်နဲ့ လုံးဝဆန့်ကျင်တာ မဟုတ်ပေမယ့် မြန်မာနဲ့ ဆီလျော်တဲ့ အယူအဆတစ်ရပ်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။ အဓိကကတော့ ပုဂ္ဂလိက အရည်အချင်းကို မြှင့်တင်ပြီးကိုယ်က ထိန်းချုပ်ဖန်တီးယူတာပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးဖတ်ဖို့ အဓိက ဖြစ်တဲ့အတွက် “ကံယုံဝါဒ” ကိုပဲ အခြေပြုရမှာ ဖြစ်ပါတယ်။ တကယ်ပြောရင်တော့ တစ်ဦးချင်းကြိုးစားမှု လျော့ကျမှာစိုးလို့ External Factor ကို ကျော်လွှားကြပေမယ့် ငလျင်လှုပ်တာ သဘာဝဘေးအန္တရာယ်စတာတွေဟာ External Factor တွေဆိုတာ သူတို့လည်း သိကြပါ တယ်။ World Trade Center လေယာဉ်အတိုက်ခံရ တုန်းက လူပေါင်း ၃၀၀၀ ကျော် သေတာ External Factor ပဲဖြစ်ပါတယ်။

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်” ဆိုတဲ့ အခြေခံအယူအဆနဲ့ ယုံကြည်မှု ဟာ LOC ရဲ့ အဓိက အချက်ပဲ ဖြစ်ပါတယ်။ ကောင်းတာလုပ်တာနဲ့ ကြိုးစားမှုဟာ LOC ကို ပြုစုပျိုးထောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ် ၊ “တူသောအကျိုးပေး” ဆိုတာ သူတို့လည်း ပုံစံ တစ်မျိုးနဲ့ကြည့်ရင် မြင်နိုင်ပါတယ်။ World Com တို့၊ Enron တို့ရဲ့ CEO တွေ ကျဆုံးတာ ထောင်အသီးသီးကျသွားတာကို ကြည့်ရင် မကောင်းတာလုပ်ခဲ့လို့ “မေတ္တာစူး” တယ်ဆို တာ တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဗုဒ္ဒ၀င်မှာ အထင်အရှားရှိတဲ့ “ဒေ၀ဒတ်” နဲ့ “အဇာ တသတ်” တို့ဟာ ကောင်းတဲ့ ဥပမာ လို့ ထင်ပါတယ်။

ဗုဒ္ဓအပေါ် နေရာမရလို့ စိတ်ကွက်ခဲ့တဲ့ ယောက်ဖတော် ဒေ၀ဒတ်ဟာလည်း သာမန် ရဟန်းတစ်ပါးတော့ မဟုတ်ပါဘူး။ သြဇာကြီးဖို့အတွက် အိမ် ရှေ့စံအဇာတသတ် ကို တန်ခိုးပြပြီး စည်းရုံးနိုင်ခဲ့ ၊ သူ့အာဏာကို အသုံးချနိုင်ခဲ့တာဟာ Internal Locus of Control ကနေ External Locus of Control ကို အသုံးချလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒေ၀ဒတ်မသိလိုက်တာက “ ကံ - ကံ၏ အကျိုး ” ဆိုတာ ဖြစ်ပါတယ်။ နားလည် ပြီး အသိတရားရသွားတဲ့အခါမှာ “ပြုပြီး” ဖြစ်တဲ့ “ ကံ ” တွေက External Factor တွေ အဖြစ် အကျိုးပေးပြီး မြေမျိုပစ်လိုက်တာဟာ သင်ခန်းစာအတော်ယူဖို့ ကောင်းပါတယ်။

အနောက်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မသိသေးတဲ့အချက်က “ကံ - ကံ ၏ အကျိုး” နဲ့ ကံ” အကျိုးပေးချိန် “ရင့်မှည့်” (Maturity) တဲ့အခါ ပြန်ပြီး အကျိုးပေးခြင်း ဖြစ်ပါတယ်။ ကံ ဆိုတာ စေတနာပေါ် အရင်းခံပြီး လုပ်လိုက်တဲ့အလုပ်ရဲ့ ရလဒ် ဖြစ်ပါတယ်။ “စေတနာ” ဆိုတာ “ စိတ်” ပေါ် အခြေပြန်ခံရ ပါတယ်။ ၀မ်းနည်းဖို့ကောင်းတာတစ်ခုက ဗုဒ္ဓဘာသာထွန်းကားတဲ့ အရှေ့နိုင်ငံတွေမှာ ဗုဒ္ဓကဟောခဲ့တဲ့ မစ္ဆရိယ စိတ်ရှိနေခြင်း ဖြစ်ပါတယ်။ သူတို့ဆီမှာ မာစီဒီးစီးလို့ ၀န်တိုမှုမဖြစ်ပါဘူး၊ ကျွန်တော်တို့ ဆီမှာ အဲဒီစိတ်မျိုး အနောက်ဘက်ကထက် များတာ ငြင်းမယ့်လူမရှိဘူး ထင်ပါတယ်၊ အဲဒီစိတ် တွေက ကိုယ့်တိုးတက်မှု အောင်မြင်မှုတွေကို တွန့်ဆုတ်ဖျက်ဆီးပစ်နိုင်ပါတယ်။

အဲဒီတော့ LOC ကို ဖွံ့ဖြိုးအောင် လုပ်တဲ့အခါမှာ ပုဂ္ဂလိက အရည်အချင်း ကြိုးစားတာ ပညာထက်တာ လုပ်ရုံတင်မဟုတ်ဘဲ အဲဒီယုတ်ညံ့တဲ့စိတ်မျိုးတွေကို ဖယ်ရှားပစ်ဖို့ လည်း လိုပါတယ်။ ကောင်းသောဆန္ဒနဲ့ ယှဉ်တဲ့စိတ်၊ အများအကျိုးတွေကို ရှေးရှုမွေးမြူ ရင်းနဲ့ ပုဂ္ဂလိက အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ခြင်းက LOC ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းပဲလို့ အနှစ်အားဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ LOC ဟာ ကိုယ်လုပ်သမျှ အတွက် ပြင်ပသက်ရောက်မှုကို ကျော်လွှားပြီး ကိုယ့်ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ခြင်းဖြစ်လို့ ပြင်ပသက်ရောက်အားမရှိရအောင် စိတ်ကောင်းစေတနာထားပြီး “ ကံ - ပြန်မွေးစနစ်” ကို သုံးခြင်းပဲလို့ ယေဘုယျ အကြံပေးလိုပါတယ်။

ဦးနှောက် အလုပ်ပေး

Brain Storming ဆိုပြီး အသိများပါတယ်။ Creativity ဆိုတဲ့ တီထွင်ကြံဆမှုဟာ ဦးနှောက် အလုပ်ပေးပြီးမှ ရလာတတ်ကြတာပါ။ Idea ဆိုတဲ့ အတွေးအိုင်ဒီယာဟာ လည်း Brain Storming မလုပ်ဘဲနဲ့ မိုးပေါ်ကျမလာပါဘူး။ ဓားသွေးရင် ထက်သလို ဦးနှောက်ကိုသွေး (Brain Storming) ပေးရင်လည်း ထက်မြက်လာပါတယ်။

မြန်မာလူမျိုးတွေရဲ့ အဓိကအားနည်းချက်က Brain Storm လုပ်ဖို့ ကြောက်ရွံ့ကြ ခြင်းပဲ ဖြစ်ပါတယ်။ ကာယအားပြုအလုပ်ကို မြန်မာတွေ မကြောက်ကြပေမယ့် ဥာဏအခြေခံ အလုပ်တွေကို ရှောင်လေ့ရှောင်ထရှိတာ သတိပြုမိပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ Brain Storming ကို အနည်းအများသာကွာမယ်၊ လုပ်လေ့လုပ်ထရှိကြပါတယ်။

သံနဲ့ဓါးကို အကန့်အသတ်နဲ့လောက်သာ သွေးလို့ရပြီး ထက်မြက်မှုကလည်း အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ ဥာဏ်ထက်ခဲ့ရင် အကန့်အသတ်မဲ့ ထက်မြက်သွားပါတယ်။ အဲလ်ဘတ်အိုင်စတိုင်းဆိုတဲ့ သိပ္ပံပညာရှင်ကြီးက စကြ၀ဋ္ဌာကြီးကို အကြမ်းဖျင်းတိုင်းပြ သွားတာ သူ့ပညာဥာဏ်ပေါ်က ထွက်ပေါ်လာတဲ့ သီအိုရီတွေနဲ့သာ ဖြစ်ပါတယ်။

Brain Storming ကို Creative Problem Solving ကတစ်ဆင့် လုပ်လေ့လုပ်ထ ရှိကြပါတယ်။ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းရာမှာ တီထွင်ကြံဆမှုရှိစွာ အဖြေရှာခြင်း ပဲ ဖြစ်ပါတယ်။ တစ်ဦးချင်း၊ အုပ်စုလိုက် လုပ်လေ့ရှိကြပါတယ်။ Brain Storm ဆိုတဲ့ ဦးနှောက်အလုပ်ပေးခြင်းဟာ စဉ်းစားတာက စပါတယ်။ သူတို့ဆီမှာ အလေ့အထရှိပေမယ့် မြန်မာတွေ နည်းနည်းစိမ်းနေကြပါသေးတယ်။

လူတွေမှာ အတွေ့အကြုံနဲ့ အသက်အပိုင်းအခြားအရ မစဉ်းစားဘဲ ရုတ်တရက် ပေါ်တဲ့အတွေးတစ်ခု ရှိတတ်ပါတယ်။ အဲဒီအတွေးအပေါ် အခြေခံပြီးလုပ်ရင် မှားတတ်ပါတယ်။ အတွေးရပ်ခြင်းဟာ Brain Storming ရဲ့ ဆန့်ကျင်ဘက်ပါ။ တပ်မတော်အမှုထမ်းဘ၀တုန်းက တပ်မှူးတစ်ဦးက အချိန်ရှိသမျှ တွေးခိုင်းပါတယ်။ ဘယ်တော့မှ အဖြေပေးလေ့ မရှိပါဘူး။

“တွေးပါ၊ ပိုတွေးပါ၊ အတွေးကို မရပ်ပါနဲ့”

အဲဒီလို ခပ်တိုတိုနဲ့ ဆုံးမစကားဟာ အသက်ရလာတော့ တော်တော် အဖိုးတန်မှန်း သိပါတယ်။ အဲဒီတပ်မှူးကြီးက ဗိုလ်မှူးကြီး ခင်မောင်လင်းပါ။ ကျွန်တော့်တပ်မှူးတစ်ဦး ဖြစ်ပါတယ်။ စစ်အင်ဂျင်နီယာတပ်ဖွဲ့ ကဖြစ်ပါတယ်။ ကျွန်တော်တို့ ဗိုလ်ပေါက်စနဲ့ သတင်း ပို့တော့ -

“ခင်ဗျားတို့ (တပ်အကြောင်း) အကြောင်း ကောင်းကောင်းမသိသေးဘူး၊ ဒါပေမယ့် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ပြီးဖြစ်လို့ သိပြီးလို့ ယူဆတယ်”

အဲဒီနောက်မှာ ဦး (စစ်ဆင်ရေး) ၊ရေး(တပ်ရေးဆိုင်ရာ)၊ထောက် (တပ်ထောက် ဆိုင်ရာ) တွေကို တရစပ်ခိုင်းတော့တာပါပဲ၊ ကိုယ့်ဘာသာကိုယ် ရှာဖွေရပါတယ်။ တကယ်တော့ Capacity Building ကို မြှင့်ပေးတာပါ။ Brain Storm မလုပ်ဘဲနဲ့ Capacity Building လုပ်လို့ မရပါဘူး။ အတွေ့အကြုံနည်းလို့ တာဝန်သေးသေးက စမပေးပါဘူး။ အိုးတစ်လုံး ရေဖြည့်သလို မပြည့်စေရဘူး ဆိုတဲ့ သူ့ဒဿနအတိုင်း ဦးနှောက်ဟာ ပြည့်သွားရင် မတိုးတက်ဘူး ဆိုတဲ့ သူ့အယူအဆကို အကောင်အထည်ဖော်ပါတယ်။ အဲဒီတုန်းက တပ်မတော်အရာရှိဘ၀ဟာ မနေပျော်ပါလား ဆိုတဲ့အထိ တွေးမိပါတယ်။ အခု ကျေးဇူးတရားကြီးတာကို တသရပါတယ်။

ဆက်မတွေးလို့ ရပ်လိုက်ရင် “Brain Storm” လုပ်တာ မဟုတ်ပါဘူး။ “အတွေးမရ လို့ရပ်တာ ”နဲ့ “အတွေးရပ်လို့မရတာ” အပြန်အလှန်ဖြစ်ပြီး ဆုတ်ယုတ်မှုရဲ့အစပဲ ဖြစ်ပါ တယ်။ အဲဒီအဆင့်ကျော်ရင် အလှအပတွေ အများကြီး တွေ့လာပြီး ဆက်တွေးချင်လာမှာ လို့ ယေဘုယျပြောချင်ပါတယ်။ Creative Problem Solving မှာ Alternative တွေ အများကြီးရလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ အကောင်းဆုံး ဖြစ်နိုင်မယ့် Solution ကို ရှာဖွေတာ အမှန်နဲ့အနီးကပ်ဆုံး ဖြစ်ပါတယ်။

ပြဿနာတစ်ရပ် မမျှော်လင့်ဘဲ ဖြစ်လာရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့သူတွေ ဟာ Brain Storming မလုပ်ဖူးတဲ့သူတွေလို့ ပြောလို့ရပါတယ်။ ဘယ်အရာ၊ ဘယ်နေရာ မှာမဆို Uncertainty ဆိုတဲ့ မသေချာမှုက အမြဲရှိနေတတ်ပါတယ်။ အဲဒီမရေရာမှုတွေကို ကျော်လွှားဖို့ ကြီးမားတဲ့ အကျပ်အတည်းတွေ ကျော်လွှားဖို့ တိုးတက်ဖို့ Brain Storming ဟာ လုပ်ကိုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

Followers