ပညာမျှဝေခြင်းနဲ့ စနစ်တစ်ခုဖွံ့ဖြိုးအောင် အားပေးခြင်းတို့ဟာ Knowledge Management ရဲ့ အဓိကအပိုင်း တွေဖြစ်ပါတယ်။ လေ့လာသင်ယူရုံနဲ့ ပညာမဖြစ်ပါဘူး။ သင်ယူပြီးတဲ့ အတတ်တွေကို (အတတ်ပညာ) အသိပညာအဖြစ် ပြောင်းလဲနိုင်မှ ပညာဆိုတာ ဖြစ်လာတာပါ။ Xerox ကအဲဒီအချက်ပေါ်အခြေခံပြီး လက်တွေ့ကျတဲ့စနစ်ကို တည်ထောင်ပါတယ်။ အတတ်ပညာကို အသိပညာအနေနဲ့ ပြောင်းလဲပါတယ်။ Eureka ဆိုတဲ့ Intranet ဆက်သွယ်ရေးစနစ် တစ်ခုကို Xerox က တီထွင်ပါတယ်။ ကုမ္ပဏီရဲ့ Database နဲ့ချိတ်ဆက်ပြီး ၀န်ဆောင်မှု ပေးပါတယ်၊ အောင်မြင်ခဲ့ပါတယ်။ Customer တွေအပေါ် နားလည်မှု ၊ ၀န်ထမ်းတွေ အပေါ်နားလည်မှုနဲ့ ပညာရပ်ဖလှယ်မှုတွေဟာ အရေးကြီးတဲ့တန်ဖိုးတွေဆိုတာ Xerox ကောင်းကောင်းသိပါတယ်။ စမ်းသပ်ခန်းတွေမှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ ယေဘုယျသဘောပါတဲ့ အတတ်ပညာကို အသုံးချနေကြပြီး သူတို့ကို သတင်းအချက်အလက်မျှဝေဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။
လူတော်တော်များများမှာ ပညာကို (Data, Information, Knowledge) ကွဲပြားပြီး သေသေချာချာ မသိကြတာ သတိပြုမိပါတယ်။ Wisdom နဲ့ Enlightenment ဆိုရင် ပိုဆိုးပါသေးတယ်။ တချို့ အချက်အလက် ပြောပြနိုင်ကြတာကို ပညာလို့ယူဆပါတယ်။ တချို့သတင်းကို သူများနဲ့တန်းတူသိတာကို ပညာလို့ မသိစိတ်က ထင်မှတ်ကြတာလည်း တွေ့ဖူးပါတယ်။
“Human Resource လား၊ မြန်မာပြည်မှာ သန်းငါးဆယ်ကျော်ရှိတယ်” လို့ ပြောကြသူတွေကို တွေ့ဖူးပါလိမ့်မယ်။ လူဦးရေ (Population) နဲ့ အရင်းအမြစ် မှားယွင်းသိခြင်း ဖြစ်ပါတယ်။ အမေရိကန်လိုငွေ (Deficit) ဘီလီယံနဲ့ချီပြီး နှစ်တိုင်းပြနေတယ်၊ မကြာခင် မွဲတော့မယ်။ ပညာသိ မသိဘဲ ကြားဖူးနားဝနဲ့ လိုငွေပြရင် ရှုံးရမယ်လို့ လူတောထဲ ခပ်တည်တည် ဟိတ်ဟန်ထုတ်သူတွေကို တွေ့တတ်ကြမှာလည်း မနည်းလှပါ။
သဘာဝကိုကြည့်ရင် Data ဆိုတဲ့ အချက်အလက်တွေ ရှိသင့်တာမှန်ပေမယ့် အဲဒီ အပေါ်မူတည်ပြီး ဆက်စပ်တွေးခေါ် ရုပ်လုံးမဖော်တတ်ရင် Know-nothing ဆိုတဲ့ ဘာမှ မသိသူတစ်ဦးသာ ဖြစ်ပါလိမ့်မယ်။
Information ကတော့ တစ်ဆင့်မြင့်ပါတယ်။ အချက်အလက်ပေါ် အခြေခံပြီး သတင်း အဖြစ် တည်ဆောက်တာပါ။ Effectiveness ဆိုတဲ့ ရည်ရွယ်တဲ့အကျိုးကို ဖြစ်ပေါ်စေတယ်။ ထိရောက် စွမ်းအား ရှိလာ တယ်လို့ ပြောရပါ့မယ်။ ဘာကိုလုပ်ရမယ်ဆိုတဲ့ အသိပညာ ဖြစ်လာပါတယ်။ သည်နေ့ခေတ်က ဘာလုပ်ရမလဲ ဆိုတာ သိဖို့ဖြစ်ပါတယ်။ ပြီးမှ အဲဒီလုပ်ရမယ့် အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာပါ။ လုပ်ငန်း ရွေးချယ်တတ်မှု သဘော ပါ။ လုပ်ငန်း အရွေးမှားတာ အရှုံးကို စတာဘဲ ဖြစ်ပါတယ်
Wisdom က ပိုမြင့်လာပါတယ်။ တချို့နိုင်ငံတွေစပြီး အဲဒီဘက် ကူးနေကြပါပြီ။ ဘာကြောင့် လုပ်ရတယ်ဆိုတဲ့အဆင့်ထိ သိထားကြသူတွေ ဖြစ်ပါတယ်။ အမှားအတော် နည်းလာပါပြီ။ စီးပွားရေး ရှုထောင့်က ကြည့်ရင် အရှုံးဘက် အတော်နည်းသွားပါပြီ။
ဥပမာ- ကိုးရီးယားစစ်ပွဲ အပြီး နာလန်ပြန်ထူအောင် ကြိုးစားကြတော့ Knowledge ဆိုတဲ့ ပညာရှိတွေကြောင့် ဘာကို လုပ်ရမယ် (Know-what) ကို သူတို့ ထဲထဲဝင်ဝင် သိနေကြပါတယ်။ မြန်မြန်တိုးတက်အောင် ဂျပန်နည်းပညာတွေသုံးပြီး (Copy) လုပ်ပါတယ်။ Copy လုပ်ဖို့ အိုင်ဒီယာက Know-what ပါ။ အတတ်ပညာကို အသုံးပြုလိုက်တာက Know-what ပါ။
သည်နေ့ Wisdom ဘက်ကို ကူးလာလိုက်တော့ အီလက်ထရွန်းနစ်ပိုင်းမှာ ကိုးရီးယားက တချို့အပိုင်းမှာ ဦးဆောင်သူဖြစ်လာပါတယ်။ ဥပမာ - Samsung၊ Know-why ဆိုတဲ့ ဘာကြောင့် ဦးဆောင်သူ ဖြစ်အောင် ကြိုးစားသလဲဆိုရင် သည်နေ့ လက်ဦးမှု ရတဲ့သူက အကြီးအကျယ် အလုပ် ဖြစ်နေကြလို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘောင်္တည်ဆောက်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ သံမဏိ၊ အီလက်ထရွန်းနစ်တွေမှာ တောင်ကိုးရီးယားက ဦးဆောင်သူ ဖြစ်အောင် ကြိုးစားနေခြင်းဖြစ်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှ SAMSUNG အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီ လီမီတက်ရဲ့  ကမ္ဘာ့ ဒုတိယမြောက် အကြီးဆုံး သဘောင်္ကျင်း
Enlightenment ကတော့ ပညာထဲမှာ အမြင့်ဆုံးပဲဖြစ်ပါတယ်။ ကျယ်ပြောနက်နဲပြီး သံသယကင်းစွာ အတပ်သိခြင်း (Know-for sure) ဖြစ်ပါတယ်။ ကျယ်ပြောပညာလို့ပြောရင် ရပါ့မယ်။ ဗုဒ္ဓရဲ့ အတုမရှိ ပညာဟာ အဲဒီ Enlightenment ပဲဖြစ်ပါတယ်။ အဲဒါကို လုပ်ရင် ဒါပဲ ဖြစ်ကိုဖြစ်ရမယ်၊ အခြားမရှိလို့ ဆိုတဲ့ အတပ်သိ ပညာ ဖြစ်ပါတယ်။ အဲဒီခေတ်က ရောက်ဖို့ လိုပါသေးတယ်။ ကျွန်တော့် အယူအဆ ပြောရရင် Wisdom ကို သာသာလေး ရောက်နိုင်ကြပေမယ့် Enlightenment ကို ရောက်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ ကွဲပြားတဲ့ လူမှုရေး ၊ ဘာသာရေး ၊ နိုင်ငံရေးစနစ်တွေ စုစည်းဖို့မလွယ်တာက တစ်ခုသောအခြေခံ အကြောင်းကြီး တစ်ချက်လို့ ရှုမြင်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ Efficiency ဘယ်လောက် ရှိတယ်၊ နည်းပညာ ဗဟုသုတ ဘယ်လောက်ရှိတယ်က အရေးကြီးပါတယ်။ ပညာဖြစ်ဖို့ အခြေခံအစပါ။ ပညာဖြစ်စေတဲ့ ပညာအနုအရင့်ပေါ်လိုက်ပြီး သဘာဝကို လေ့လာကြည့်ရင် Information can be overloaded, but never any Knowledge overloaded လို့ ဆိုထားပါတယ်။
အမေရိကန်မှာ ငွေကြေးချမ်းသာတော့ Information စုပါတယ်။ Overloaded ဖြစ်နေပါတယ်။ ပညာကတော့ ဘယ်တော့မှ Overload မဖြစ်ဘူး ဆိုတဲ့ သဘာဝကို တွေ့ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပညာအတိုင်းအဆကို ဘယ်လိုတိုင်းတာမလဲဆိုတာ ဆွေးနွေးဖို့ကောင်းလာပါတယ်။ ရည်ရွယ်ချက်ဖြစ်တဲ့ Know-how, Know-what, Know-why နဲ့ Know-for sure ဆိုတာတွေနဲ့ တိုင်းတာရင် အနုအရင့်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
Knowledge is measured by added value
တန်ဖိုးဘယ်လောက်ထပ်ထည့်နိုင်သလဲဆိုတာ ပညာကို တိုင်းတာတဲ့နည်းတစ်ခု ဖြစ်ပါတယ်။
အသိအခြေခံ ခေါင်းဆောင်မှု
Knowledge ကို ပညာရယ်လို့ ၀ိသေသပြုကြပါတယ်။ ပညာမှာ အတတ်ပညာနဲ့ အသိပညာဆိုပြီး ယေဘုယျ နှစ်ပိုင်းကွဲသွားပါတယ်။ အတတ်ပညာဟာ နည်းပညာသဘောသဘာဝ အခြေခံတဲ့အတွက်ကြောင့် ကျွန်တော်တို့ “ပညာ” ဆိုတဲ့ စကားလုံးကို သုံးရင် “အသိ” အခြေခံကို ရည်ညွှန်းပါတယ်။ “ပညာခေါင်းဆောင်မှု” ဆိုတဲ့ အသုံးအနှုန်းထက် “အသိအခြေခံခေါင်းဆောင်မှု” ဒါမှမဟုတ် “အသိခေါင်းဆောင်မှု” ဆိုတာက ပိုပြီး ရည်ရွယ်ချက်နဲ့ နီးစပ်မှုရှိပါလိမ့်မယ်။ အသိကို ကမ္ဘာက ထပ်ပြီးခွဲခြမ်းစိတ် ဖြာရာမှာ KNOWLEDGE ထက်မြင့်တဲ့ WISDOM နဲ့ အမြင့်ဆုံးဖြစ်တဲ့ ENLIGHTENMENT ဆိုပြီး ရှိပါသေးတယ်။ ဗုဒ္ဓက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်ကတည်းက ဟောကြားထားပြီး ဖြစ်ပါတယ်။ သည်နေ့ WISDOM ကို တချို့ အတော်ကလေးပြောနေ ရေးနေကြပါပြီ။
အသိအခြေခံ စီးပွားရေးကမ္ဘာကြီးထဲမှာ ရှင်သန် ဖွံ့ဖြိုးဖို့အတွက် အသိပညာအမှန် လိုအပ်တယ်ဆိုတာ အားလုံးသိပြီးသလောက် ဖြစ်နေပါပြီ။ ထိရောက်တဲ့ အသိအခြေခံ ခေါင်းဆောင်မှုဟာ အနာဂတ်အမြင် ကြည်လင်တဲ့ နားလည်မှုနဲ့ အသိပညာ အကျိုးအမြတ်ကြား ပေါင်းကူးပေးတဲ့အရာ ဖြစ်ပါတယ်။ စီးပွားရေးမျက်နှာစာမှာ အသိအခြေခံစီမံခန့်ခွဲမှုဟာ ခေါင်းဆောင်တစ်ဦးအတွက် အလွန်အရေးကြီးတဲ့အပိုင်းဆိုတာ လေးနက်စွာ ယုံကြည် ထားဖို့လိုပါတယ်။ ပညာအဆင့်ဆင့်နဲ့ ရလဒ် ၊ရည်ရွယ်ချက်ကို လေ့လာနိုင်ပါတယ်။
အသိပညာဆိုတာ အတတ်ပညာနဲ့ အတွေ့အကြုံတွေ စုပေါင်းပြီး ဆင်ခြင်သုံးသပ် နိုင်တဲ့အသိအရာ ဖြစ်ပါတယ်။ စာတတ်ပြီး အသိမရှိရင် ပညာအဆင့်မရောက်ပါဘူး။ ပညာအစစ်ဟာ တကယ်တော့ အသိနက်နဲခြင်း ဖြစ်ပါတယ်။ လောကမှာ ပညာတတ်ပြီး ပညာမရှိသူတွေ အများကြီးပါ။ ပညာ မတတ်ပေမယ့် ပညာရှိတဲ့သူတွေလည်း ရှိပါတယ်။ (အတတ်ပညာ-ကျောင်းပညာ)။ အသိနက်နဲလေ၊ အတွေ့အကြုံထဲက အသိကို ထုတ်ယူနိုင်လေ၊ အာရုံသိမှု (INTUITION) အားကောင်းလေ၊ တဖြည်းဖြည်း KNOWLEDGE ဆိုတဲ့ ပညာကနေ ပိုပြီးမြင့်မားတဲ့ WISDOM ဆီ ချင်းနင်းလာလေ ဖြစ်ပါတယ်။ WISDOM အဆင့်ရောက်တော့ အသိက (KNOW-WHY) ဖြစ်လာပါပြီ။ Enlightenment ကတော့ တပ်အပ် သေချာသိခြင်း (Know-for sure) ဖြစ်ပြီး ပညာရဲ့ အမြင့်ဆုံး ဖြစ်သွားပါတယ်။
တချို့က ကိုယ်ဘာလုပ်လို့ လုပ်နေမှန်းမသိကြပါ။ ဘာကြောင့်လုပ်ရတာလဲ ဆိုတာ လည်း မသိပါ။ ဘာဖြစ်လာမှာလဲလို့လည်း မသိကြပါ။ ဒီကနေ့ပြောနေတဲ့ ပညာ (Knowledge) ဆိုတာက ဘာကိုလုပ်ရမယ် ဆိုတာ သိခြင်းဖြစ်ပါတယ်။
Wisdom က Know-why လို့ ဆိုထားပါတယ်။ အဲဒီလုပ်ငန်းကို ဘာဖြစ်လို့ လုပ်ရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေခြင်းပါ။ Enlightenment ဆိုတဲ့ ပညာ (တပ်အပ်သေချာသိတဲ့ပညာ) က ၀ိပဿနာ ကျင့်ကြံပါ၊ သေချာပေါက် နိဗ္ဗာန်ရောက်ပါလိမ့် မယ်ဆိုတဲ့ မမှိတ်မသုန်သေချာပေါက် သိနေခြင်းမျိုးပါ။ Knowledge, Wisdom, Enlightenment သုံးမျိုးက ပညာသိ သိခြင်းမျိုး ဖြစ်ပါတယ်။ အတိမ်အနက်ပဲ ကွာသွားကြ ပါတယ်။ Knowledge ကို ယေဘုယျပညာဖြင့်သိခြင်း၊ Wisdom ကို နက်နဲသော ပညာဖြင့် သိခြင်းနဲ့ Enlightenment ကို ထိုးထွင်း တပ်အပ်သိခြင်း လို့ ပြောရင် ရမယ် ထင်ပါတယ်။ စကားလုံး မွေးစားရတာ တစ်ခါတစ်ရံ အလွန်ခက်ခဲပါတယ် ဆိုတာ တင်ပြရင်း နောက်တပတ်မှာ ခေါင်းဆောင် အပိုင်း (၁၇) ကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား